အရှင်ဇဋိလ(သီတဂူ)


သာသနာတော် တိုးတက်ပြန့်ပွားခြင်းနှင့် ဆုတ်ယုတ်ပျက်ဆီးခြင်း
ကမ္ဘာမှာထင်ရှားသော ဘာသာကြီးလေးခုရှိရာဝယ် ဗုဒ္ဓဘာသာသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာ ငါးဆယ်ကျော်က ပေါ်ပေါက်ခဲ့ပါသည်။ ဗုဒ္ဓ၏ အဆုံးအမသည် ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ် အခါက အိန္ဒိယမဇ္ဈိမဒေသတစ်ဝိုက် အလယ်ပိုင်းတွင် အလွန်တရာတောက်ပခဲ့ပါသည်။ ဗုဒ္ဓသက်တော်ထင်ရှား မရှိသည့်အခါတွင်မူ သာသနာတော် နှစ်ငါးရာအတွင်းနှင့် ငါးရာကျော် ခေတ်အတွင်းတွင် ဗုဒ္ဓသာသနာကို ကြည်ညိုသော အသောကမင်းတရားကြီး၏ သာသနာပြုစေလွှတ်သော ကျေးဇူးကြောင့် အိန္ဒိယမဇ္ဈိမဒေသကို ဗဟိုထားပြီးလျှင် တောင်ဘက်တိုင်းများဖြစ်သော ကလိင်္ဂတိုင်း၊ အန္ဓတိုင်း၊ စောဠတိုင်း ၊လင်္ကာဒီပ တိုင်းတို့သို့လည်းကောင်း၊ အနောက်ဘက်တိုင်းမျုားဖြစ်သော မဟာရဋ္ဌတိုင်း၊အပရန္တတိုင်းတို့သို့လည်းကောင်း၊ အနောက်မြောက်တိုင်းများဖြစ်သော ကသ္မီရတိုင်း ၊ဂန္ဓာရတိုင်း၊ ကမ္ဗောဇတိုင်း၊ ယောနကတိုင်း တို့သို့လည်းကောင်း၊ မြောက်ဘက်တိုင်းများဖြစ်သော နိပါလတိုင်း၊ ဘူတနတိုင်း၊ ခိုတနတိုင်း၊ ဆိက္ကနတိုင်း များသို့လည်းကောင်း သာသနာတော် ပြန့်ပွားသွားခဲ့ပါသည်။ ဆိုခဲ့ပြီးသော တိုင်းနိုင်ငံများမှ တစ်ဆင့် ကူးသန်းရောင်းဝယ်ရန်လာကြသော ဗုဒ္ဓဘာသာလူမျိုးများ ပါဝင်မှုများလာသောအခါ သုမတြဒီပ (ဆုမတြာကျွန်း)၊ယ၀ဒီပ (ဂျဗားကျွန်း)၊မာလာယုဒီပ  (မလေးကျွန်း) တို့တိုင်အောင် သာသနာတော် ထွန်းကားပြန့်ပွားခဲ့ပါသည်၊၊ ထိုခေတ်ထိုအခါက ထေရာဝါဒဂိုဏ်းနှင့် မဟာသံဃိကဂိုဏ်းတို့ ပြိုင်လျက်ရှိ သော်လည်း သုဝဏ္ဏ ဘူမိခေါ်သော ဌာန၌ကား ထေရ၀ါဒ သာသနာသာလျှင် ယ္ခုတိုင် ထွန်းကားလျက် ရှိနေပါသေးသည်။ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် သတ္တ၀ါအားလုံးတို့အတွက် မှန်ကန်မွန်မြတ်သော သာသနာဖြစ်ပါသည်။ ဖော်ပြခဲ့သော တိုင်းနိုင်ငံများသာမကပါပဲ တစ်ကမ္ဘာလုံးသို့ ဗုဒ္ဓသာသနာတော် ပြန့်ပြောစည်ပင်ပြီး ဗုဒ္ဓ၏အဆုံးအမအတိုင်း လိုက်နာကျင့်ကြံကြမည်ဆိုပါက တစ်လောကလုံး ငြိမ်းချမ်းမှုကို ရမည်အမှန်ဖြစ်ပါသည်။
ဗုဒ္ဓသာသနာတော်ကို သုံးမျိုးခွဲခြားနိုင်ပါသည်။ ဗုဒ္ဓ၏ စကားတော်များကို သင်ကြားပို့ချခြင်း၊ နှုတ်တိုက်အာဂုံ ဆောင်ထားခြင်းဟူသော သင်ကြားဆောင်ယူမှုသာသနာ၊ ထိုစာပေများအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ရခြင်းဟူသော အကျင့်သာသနာနှင့် ထိုသို့ကျင့်ခြင်းကြောင့် ခံစားရသော ဈန်အဘိညာဉ်ရခြင်း သစ္စာလေးပါးကိုထိုးထွင်းသိခြင်း မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဟူသော အကျိုးဖလသာသနာတို့ဖြစ်ပါသည်။ ယခုအခါဝယ် ဗုဒ္ဓသာသနာတော်သည် တစ်ချို့သောနေရာတို့၌ တိုးတက်ကြီးပွားခြင်းရှိရ်ျ တစ်ချို့နေရာတို့၌ ဆုတ်ယုတ်လျက်ရှိပါသည်။ ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံများ၌ သာသနာတော်၏ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတို့ကို သာသနာတော် ခေါင်းဆောင်များ အစဉ်တစိုက် ဆွေးနွေးလျက်ရှိကြ၏။ ပထမသဒ္ဓမ္မသမ္မောသသုတ်တော်၌မြတ်စွာဘုရားသည် ရဟန်းတို့အား တရားတော်ကို ရိုသေစွာနာယူကြ သင်ကြား ဆောင်ထားကြလျင်လည်းကောင်း၊ ထိုဆောင်ထားအပ်သော တရားတို့၏ အနက်အဓိပ္ပာယ်ကို ရိုသေစွာ ဥာဏ်ဖြင့် စူးစမ်းဆင်ခြင်ကြလျင်လည်းကောင်း၊ တရားတော်၏ အနက်သဘောကိုသိပြီးလျင် လောကုတ္တရာကိုးပါးနှင့် လျော်ညီစွာကျင့်ကြံကြလျင်လည်းကောင်း၊ တဖန်မြတ်စွာဘုရားသည် ဒုတိယသဒ္ဓမ္မသမ္မောသသုတ်တော်၌ ရဟန်းတို့အား ပရိယတ်တရားအားလုံးမှန်သမျှ သင်ကြားရ်ျ ထိုသင်ကြားထားပြီးသော ပရိယတ်တရားအားလုံးကို သူတစ်ပါးတို့အား အကျယ်အားဖြင့် ဟောကြားကိုလည်းကောင်း၊ ပို့ချခြင်းကိုလည်းကောင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကိုလည်းကောင်း၊ စိတ်ဖြင့် အဖန်ဖန်အထပ်ထပ် ကြံစည် သုံးသပ် ဆင်ခြင်ခြင်းကိုလည်းကောင်း သာသနာတော် တိုးတက်ခြင်း၏ အကြောင်းများဖြစ်ကြသည်ဟု ဟော်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားသည် သာသနာတော် အဓွန့်ရှည်စွာ တည်တန့်စေရန် ဟောပြောမှုများစွာတို့တွင် အင်္ဂုတ္ထိုပါဠိတော် သုဂတ၀ိနယသုတ်တော်နှင့် တတိယသဒ္ဓမ္မသမ္မောသသုတ်တော်များ၌ ဟောပြောတော်မူခဲ့သော အချက်အလက်များမှာလည်း မှတ်သားစရာကောင်းလှပါသည်။ မထေရ်ကြီးဖြစ်သော သာသနာ့ဝန်ထမ်းများက ပစ္စည်းလေးပါးပေါများရန်နှင့် ဘုန်းတန်းခိုး ကြီးမားရန် မကျင့်ပါမှ၊ သီလသမာဓိသိက္ခာကို ပေါ့လျော့စွာ မကျင့်ပါမှ၊ အောက်သို့ စုန်တက်သော နီဝရဏတရား ငါးပါး၌ တာဝန်မဲ့မဖြစ်ပါမှ၊ ဆိတ်ငြိမ်သောအရပ်မှာ ပျော်မွေ့ပါမှ၊ မရသေးသည့် ဈန်တရားများကို ရရှိအောင်နှင့်  မရသေးသည့် ဈာန်တရားများကိုရဖို့ရန် ၀ီရိယမလျှော့ပါမှ၊ နောက်လာနောက်သား တပည့်များကလည်း ထိုမထေရ်ကြီးအတိုင်း လိုက်နာကျင့်ဆောင်ပါလိမ့်မည်ဟု ဟောကြားခဲ့ပါသည်။ သာသနာတော် စည်ပင်ပြန့်ပွားအောင် ကျင့်ဆောင်ရာ၌ မြတ်စွာဘုရားသည် ပရိဝါပါဠိတော်၌ (စတေဿာ ဘိက္ခဝေ သာသနသောဘဏိယော၊ ကတမာ စတေဿာ။ ဘိက္ခု ဘိက္ခုနီ ဥပသကာ ဥပါသိကီ၊ က္ကုမာ ဘိက္ခဝေ စတ္တာသော သာသနဘောဘဏိယော) ဟု ဟောတော်မူသောကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကိုသာ အဓိကကမဟုတ် ဥပသကာ ဥပသိကာတို့လည်း သာသနာတော် ပြန့်ပွားအောင် ဆောင်ရွက်ရာ၌ တာဝန်တစ်ရပ်ဖြစ်ပေသည်ဟု ဟောကြားခဲ့ပါသေးသည်။ ဆိုခဲ့သော အကြောင်းအရာ တို့သည်ကား မြတ်စွာဘုရား သာသနာတော် တိုးတက်ခြင်း၏ အကြောင်းအရာတို့ပင် ဖြစ်ပေ၏။
လောက၌ အရာဝတ္တုမှန်သမျှ ဆန့်ကျင့်ဘက် ရှိမြဲဖြစ်၏၊ အဖြူရှိလျှင် အမဲရှိမည်၊ အကောင်းရှိလျှင် အဆိုးရှိမည်၊ အချစ်ရှိလျှင် အမုန်းရှိမည်၊ ထို့ကြောင့် တိုးတက်ခြင်းရှိလျှင် ထို၏ ဆန့်ကျင့်ဘက်ဖြစ်သော ဆုတ်ယုတ်ခြင်းလည်း ရှိပေလိမ့်မည်။ စစ်မှန်မွန်မြတ်သော မြတ်စွာဘုရား၏ သာသနာတော်သည်ကား ဆုတ်ယုတ်ခြင်း မဖြစ်သင့်ပါပေ။ ဆုတ်ယုတ်ခြင်းမရှိပဲ အစဉ်တိုးတက်နေပါမှ လောကအားလုံး ငြိမ်းချမ်းသာယာမှုကို ရရှိခံစားရပါလိမ့်မည်။ သိုဖြစ်လျှင် မဆုတ်ယုတ်သွားအောင် ကြိုးစားဖို့ရန်မှာ ဗုဒ္ဓဘာသာအားလုံး၏ တာဝန်တစ်ရပ် ဖြစ်ပေသည်။ အနာသိလျှင် ဆေးရှိပါသည်ဆိုသော ရှေးစကားအရ ဆုတ်ယုတ်ခြင်း၏ အကြောင်းတရားများကို သိထားပါပြီး ထိုအကြောင်းတရားများကို ရှောင်ကြဉ်လျှင် ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကျင့်မှ ရရှိထားသည့် သာသနာတော် ဆုတ်ယုတ်ပျက်စီးသွားမှာကို လိုလားတော်မမူပေ။ ထို့ကြောင့် နေရာအနံ့အပြား၌ သာသနာတော် ပျက်ဆီး ဆုတ်ယုတ်ကြောင်းများကို အခါသင့်တိုင်း ဟောတော်မူခဲ့ပေသည်။ ထိုအကြောင်းအရာများကို သင်္ဂါယနာတင်တော်မူကြသော အရှင်မြတ်များကသက်ဆိုင်ရာ ပါဠိတော်များ၌ စုစည်းမှတ်တမ်းတင်တော်မူခဲ့ကြပါသည်။ အင်္ဂုတ္တိုရ်၊ပဉ္စကနိပါတ်၊ သဒ္ဓမ္မသမ္မောသ သုတ်တော်၌လည်းကောင်း၊ က္ကုန္ဒြိယ၀ဂ်၊ သုဂတ၀ိနယသုတ်တော်၌လည်းကောင်း သာသနာတော် ဆုတ်ယုတ်ပျက်ဆီးခြင်း၏ အကြောင်းများကိုတွေ့ရှိလေ့လာနိုင်ပါသည်။ ထိုပါဠိတော်များ၌ မြတ်စွားဘုရားကရဟန်းတို့ တရားမနာခြင်း၊ စာပေမသင်ခြင်း၊ နှုတ်တိုက်အာဂုံမဆောင်ခြင်း၊ ထင်ရှားစွာသိအောင်မပြုခြင်း၊ သိပြီးသောတရားများကို အကျယ်အားဖြင့်မဟောကြား မချပေး မသင်ယူခြင်း၊ ရထားသော စာပေများကို မကြံစည်ခြင်း၊ ထို့နောက်တဖန် ပါဠိအက္ခရာပျက်များကို လေ့ကျက်သင်ယူခြင်း၊ မထေရ်ကြီးများအထံ၌ အဆုံးအမကို မခံယူခြင်း၊ စာချသူရှားပါးလာခြင်း၊ လာတ်လာဘများအောင်ကျင့်ခြင်း၊ နှင့် အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းထိုအကြောင်းအရာတို့သည် သာသနာတော် ဆုတ်ယုတ်ခြင်း ဖြစ်ပေသည်ဟု ဟောတော်မူခဲ့ပါသည်။ မြတ်စွာဘုရားဟောတော်မူသည်အတိုင်း ယခုအခါဝယ် တစ်ချို့သာသနာတော်ကို အကြည်ညိုပေါ့လျှော့သော ရဟန်းတော်များမှာ တရားဟောရာဝယ် နှုတ်တိုက်မဆောင်ယူတော့ပါပဲ ခေတ်ရေစီးကြောင်း၏ တိုးတက်မှုအတိုင်းလိုက်ရ်ျ ဟောပြောမှုတွေကို မြင်တွေ့လာရပါပီ။ သတိပြုရှောင်ကြဉ်စရာ ကောင်းလှပါသည်။ မြတ်စွာဘုရားထင်ရှားရှိစဉ်အခါက ဖုဿမည်သော ရဟန္တာတစ်ပါးကို ပဏ္ဍရဂေါရတ္ထမည်သော ရသေ့တစ်ပါးက နောင်အနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် သာသနာ့ဘေးရန်များကို မေးလျှောက်သောအခါ ရဟန္တာမထေရ်မြတ်ကယခုလို ဖြေကြားခဲ့ပါသည်။  သာသနာတော် နောက်ပိုင်းရောက်လာလျှင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့သည်  အမျက်ထွက်လေ့ရှိလျှင်၊ ရန်ညှိုးဖွဲ့ကြလျင်၊ သူ့တပါးကျေးဇူးကို မသိတတ်လျင်၊ မာန်မာခက်ထန်လျင်၊ မကျင့်ဘဲနှင့် ကျင့်ဟန်-မသိပဲနှင့် သိဟန်ဆောင်ကြလျင်၊ သူတပါး ရဟန်းဂုဏ်နှင့် ပြည့်စုံနေသည်ကို အလိုမတူ ငြူစူစောင်းမြောင်းလျင်၊ ရိုင်းစိုင်းသောစကားများကို ဆိုကြလေလျင်၊ နက်နဲသိမ့်မွေ့သော တရားတော်များကို မသိသော်လည်း သိဟန်ဆောင်ရ်ျ မာနခက်ထန်လျင်၊ မသူတော်တို့၏တရားများကို အာရုံစိုက်လေ့ရှိလျင်၊ သွားလာမှုတို့၌ ပေါ့သောသဘောရှိလေလျင်၊ သာသနာတော်ကို အရိုအသေနည်းလာလျင်၊ သီတင်းသုံးဖော်အချင်းချင်း အရိုအသေနည်းလာလျင်၊ ပညာမဲ့သော ရဟန်းတို့က မြတ်စွာဘုရားသာသနာတော်ကို ဖျတ်ဆီးကုန်လျင်၊ အလဇ္ဇီဒုဿီလတို့ များလာလျင်၊ လဇ္ဇီပေသလရဟန်းတို့ အားနည်းလာလျင်၊ ရွှေ ငွေ တို့ကို ရခြင်း၌ သာယာလာလျင်၊ သားသမင်ကဲ့သို့ လှည့်လည်သွားလာလျင်၊ တည်ကြည်သော စိတ်ထားမရှိလျင်၊ လှပသော သင်္ကန်းကို ၀တ်လျင်၊ ဒေါသထွက်လျင်၊ ကိသေလာများလျင်၊ ကိုယ်စသည်ကို တန်ဆာဆင်လျက် မြို့ ရွာအတွင်း လှည့်လည် သွားလာလျင်၊ ပစ္စည်းလေးပါးကို တက်မက်မောလျင်၊ ဆွမ်းခံပျင်းသောကြောင့် သူငယ်များမွေးလျင်၊ မိစ္ဆာဇီဝဖြင့် အသက်မွေးလျင်၊ ထို့အကြောင့်တို့ ရဟန်းကောင်းတို့ ဆွမ်းကိစ္စ ခက်ခဲလာလျင်၊ အ၀တ်ဖြူကို ၀တ်ရုံလျင်၊ သင်္ကန်းကို ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ ၀တ်ရုံလျင်၊ ဒုဿီလရဟန်းတို့က ရဟန်းကောင်းတို့ကို နှိပ်စက်လျင်၊ ဥပဇ္ဈာယ်ဆရာ့အထံ၌ အဆုံးအမ မနာယူလျင်၊ ဆရာသမားအပေါ်၌ နှုတ်လှံပြန်ကာ ထိုးကြလျင် သာသနာတော် ဆုတ်ယုတ်ပျက်ဆီးခြင်း၏ ဘေးရန်ဖြစ်လာလိမ့်မည်ဟု ဟောတော်မူခဲ့ပါသည်။
လောက၌ အတုမပေါ်သေးသမျှ အစစ်သည် ဘယ်သောအခါမှ ကွယ်ပျောက်မှာ မဟုတ်ပါဟုဆိုသော်လည်းပဲ ပေါ်လာသော အတုကို ယူငင်အသုံးပြုမှု မရှိကြလျှင် အစစ်သည် ထာဝရ တည်တန့်နေမည်သာဖြစ်ပါသည်။ ပေါ်ပေါက်လာသော အတုကို အတုဟုသိပြီး အသုံးမပြုဖို့က လူသားတိုင်း၏တာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။ လိုက်လံအသုံးပြုပါလျှင် အတုကို အားပေးအားမြှောက်ရာလည်း ရောက်ပါသည်။ ဖုဿမထေရ်မြတ်က နှစ်ပရိစ္ဆေဒ ပိုင်းခြားရ်ျ ဘယ်နှစ် ဘယ်ကာလမှာ သာသနာတော် ဆုတ်ယုတ်ခြင်းအကြောင်းများ ဖြစ်ပေါ်လာလိမ့်မည်ဟု ဟောတော်မမူခဲ့သောကြောင့် ထို သာသနာပျက်ဆီးကြောင်းဟူသော အတုတရားများကို ရှောင်ကြဉ်ပြီးလျင် တိုးတက်ကြောင်းတရားတည်းဟူသော တရားအစစ်များကို အမြဲလိုက်နာကျင့်ကြံ ကြမည်ဆိုလျင် တန်ဖိုးအနဂ္ဃ ထိုက်တန်လှသော ဗုဒ္ဓမြတ်စွာ၏ သာသနာတော် ဘယ်သောအခါမှ ဆုတ်ယုတ်ခြင်းမရှိပဲ တိုးတက်စည်ပင်ခြင်းများနှင့်သာ ရှေ့ဆက်နေမည်မှာ သေချာပါသည်ဟု ယုံကြည်မိပါသည်။
အရှင်ဇဋိလ

ဘန်ကောက် ၊ အေဘက်တက္ကသိုလ်၊
ဖုန်း 0900915244

0 comments:

Post a Comment

 
Copyright © သီတဂူအရှင်ဇဋိလ (က၀) We Started at May - 2010 | Director by Ashinjatila