ဝါတွင်း သုံးလအဘိဓမမ္မာ တရားဟောချိန်တွင် ဘုရားရှင် လူ့ပြည်ကြွပြီး ဆွမ်းဘုန်းပေး/မပေး ပြဿနာရဲ့ အဖြေ

သီတဂူအရှင်ဇဋိလ(က၀)

ဒကာတော် မေးတဲ့ မေးခွန်းလေး အတော်ကောင်းပါတယ်၊ မေးသင့်တဲ့ မေးခွန်းတစ်ခုလို့လည်း ထင်မိတယ်၊ တာဝတိံသာ နတ်ပြည်တွင် ၀ါတွင်းသုံးလ အတွင်း အဘိဓမ္မာ တရားကို အကျယ်ဟောကြားနေရာ ဆွမ်းစားချိန်များတွင် လူ့ပြည်ကို ပြန်ပြန်ကြွလာတယ် ဆိုတာ လက်ခံနိုင်စရာ ရှိပါတယ်၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးဟာ တန်ခိုးတော်ကို အသုံးမပြုတာ များပါတယ်၊ လူ့လောကထဲမှာရှိတဲ့ လူသားတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် လူတို့ ထုံးစံအတိုင်း မွေးဖွားလာပါတယ်၊ ဆိုတာက နားထဲကနေ ထွက်လာမျိုး ၊ ပါးစပ်ကနေ မွေးပေးလိုက်တာမျိုးတွေ မဟုတ်ပါဘူး၊ သဘာဝအတိုင်းမွေးလာတာကိုးက အတော်လေးကို လေးစားကြည်ညိုဖို့ ကောင်းနေလှပါပီ၊ နတ်တွေမွေးပေးလိုက်ရင် အရှက်ရစရာကောင်းပါတယ် ၊ ဘုရားရှင်က သူ့အစွမ်းမှ မဟုတ်ပဲ နတ်တွေအစွမ်းနဲ့ မွေးဖွားလာတာ ဆိုပီး နောင်အခါ ကိုယ့်ဘာသာ မဟုတ်တဲ့သူတွေက ကဲ့ရဲ့ ကြပါလိမ့်မယ်၊ ဘုရားရှင်ရဲ့ အမျိုးက သကျမျိုးဖြစ်ပါတယ်၊ သကျဆိုတာက အစွမ်းရှိတယ်လို့ အဓိပ္ပါယ် ရပါတယ်၊ အဲဒါကြောင့် နတ်တွေရဲ့ အကူအညီကို ဘုရားရှင်က ကလေးဘ၀ကတည်းက မယူခဲ့တာပါ၊ ကိုယ့်လမ်း ကိုယ်ဖောက်ခဲ့တဲ့ ဘုရားပါ၊ " ကဲ ရော့ ဖြစ်စေ " ဆို့ပီးတော့လည်း ဘုရားအဖြစ်ကို တန်ခိုးနဲ့ ယူခဲ့တာ မဟုတ်ပါဘူး ၊ ခက်ခက်ခဲခဲ ကျင့်ပီးယူခဲ့တာပါ ၊ ပြောချင်တာကတော့ ဘုရားရဲ့ ခန္ဓာကိုယ်ဟာ လူ့ခန္ဓာကိုယ်ပါလို့ ပြောချင်တာ၊ နတ်ပြည်ကို ဘုရားက ကြွသွားပေမဲ့ တစ်ကယ်တော့ နတ်အဖြစ်ပြောင်းသွားတာမှ မဟုတ်ပဲ ၊ နတ်တွေရဲ့ တစ်မနက်က ရှည်ကြာလွန်းအောင် နေနေရပေမဲ့ လူပြည်မှာကတော့ နေ့ရက်တွေ တရက်ပြီး တစ်ရက်ပြောင်းနေပါတယ်၊ လူ့ရဲ့ အဟာရတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ဟာလည်း အချိန်တန်ရင် ဗိုက်ဖြည့်ဖို့ လိုလာပါတယ်၊ ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ပြန်ကြွလာတာပါ ဒကာတော်၊ ဒကာတော်က နတ်ပြည်မှာလည်းပဲ 24 နာရီကို တစ်ရက်လို့ တွက်နေပုံ ရပါတယ် ၊ ဥပမာ တစ်ခုလောက် ပြောပါ့မယ်၊ ဘုရားလက်ထက်က နတ်သမီးတစ်ယောက် ပန်းခူးရင်းနဲ့ မနက်ခင်းလေးမှာ နတ်သက်ကြွေတယ်၊ လူ့အဖြစ် လာဖြစ်တယ် ၊ လူ့ပြည်မှာ အိမ်ထောင်ကျတယ်၊ ကလေး သုံးယောက်ရပြီးတော့ ပြန် သေသွားတယ်၊ ကုသိုလ်ကောင်းမှုကြောင့် နတ်ပြည် ပြန်ရောက်သွားတယ်၊ ဟို နတ်ပြည်မှာ သူနဲ့ အတူတူ ပန်းခူးနေတဲ့ နတ်သမီးတွေ ပန်းခူးရာကနေ ပြန်တောင်မပြန်သေးဘူး ၊ ဆိုတော့ကား... နတ်သက်တမ်း တစ်မနက်ဟာ အဲဒီလောက်ကြာပါတယ် ၊ အဲဒီအတောအတွင်းမှာ လူ့ခန္ဓာကိုယ်က အစာမစားလို့ ဖြစ်ပါ့မလား၊ ဒါ့ကြောင့် လူ့ပြည်ရဲ့ မနက်ခင်းရောက်တိုင်း ဘုရားရှင် ကိုယ်တော်မြတ်ကြီး ပြန်ပြန်ကြွလာတာပါ၊ ဒီနေရာမှ ပြောစရာ တစ်ခု ရှိလာပါတယ် ၊ ဘုရားက အဟာရအတွက်ကို တန်ခိုးနဲ့ ပြီးစီးစေလိုက်ပါတော့လား-- ဘာလို့ အချိန်အကုန်ခဲ့ပြီး ပြန်ကြွလာနေဦးမှာလဲ ပေါ့၊ ဆိုရင်ဖြင့် နန်းတော်ကြီး စွန့်ပြီးမှ ဘုရားဖြစ်လာတဲ့ သိဒ္ဓတ္ထမင်းသားက ထမင်းလေး တစ်လုပ် စားရဖို့ကိုများ တန်ခိုးပြနေရဦးမှားလား၊ ဆိုတဲ့ ကိုယ့်ကိုကိုယ် ပြန်တွေးယူတဲ့ မေးခွန်းလေးနဲ့ ပဲ ဦးဇင်းရဲ့ အဖြေလေးကို အဆုံးသတ်လိုက်ပါရစေ။

0 comments:

Post a Comment

 
Copyright © သီတဂူအရှင်ဇဋိလ (က၀) We Started at May - 2010 | Director by Ashinjatila