တိတ္ထိဆိုတာ...။

1 comments
အရှင်ဇဋိလ(သီတဂူ)

တိတ္ထိဆိုတာ ဘာလဲလို့ လူတစ်ယောက်က မေးတယ်၊ ဦးဇင်း အဖြေကို သူလက်ခံနိုင်ပါ့မလား ဆိုတာ မသေချာပေမဲ့ ဖြေလိုက်ပါတယ်၊ ဒီအဖြေဟာ ဦးဇင်းအတွေးရဲ့ သို့မဟုတ် ဦးဇင်း ခံယူချက်ရဲ့ တစ်ဆိတ် တစ်ပိုင်းပဲ ဖြစ်ပါတယ်။ တိတ္ထိဆိုတာ မှားယွင်းစွာ ယူမိတာ လို့ ဦးဇင်းကတော့ အဓိပ္ပါယ်ဖွင့်ချင်တယ်။ မှားသော အယူကို ယူတာ မဟုတ်ဘူးနော်၊ မှားယွင်းစွာ ယူမိတာပါ။ မှားသော အယူကို ယူမိတာကြတော့ တိတ္ထိလို့ ခေါ်ရမှာထက် ဗာလ (လူမိုက်) လို့ ခေါ်ရင် ပိုလေးနက်တယ်။ မှားယွင်းစွာ ယူမိတာနဲ့ မှားတဲ့ အယူကို ယူတာ အဓိပ္ပါယ်ချင်း လုံးဝမတူဘူးဆိုတာကို သတိပြုစေချင်တယ်။ အရာဝတ္ထုတစ်ခုကို မတော်မတရားတဲ့ နည်းနဲ့ ယူလိုက်တာ ဆိုရင် ဒါဟာ မှားယွင်းစွာ ယူလိုက်တာပဲ ဖြစ်ပါတယ်၊ မှားတဲ့ အယူကို ယူတယ်ဆိုတာကတော့ နဂိုကတည်းက မှားနေတဲ့ အရာကို သူက သွားယူမိတာကို ဆိုလိုတာပါ။ ကိုယ်နဲ့ ဘာသာမတူတာကို လက်ခံထားတဲ့ သူတွေကို တိတ္ထိခေါ်တယ်လို့ ဦးဇင်းကတော့ မယူဆဘူး..။ 

ဦးဇင်းတို့ မြတ်စွာဘုရားရှင် ဟောထားတဲ့ ဗြဟ္မဇာလ သုတ်တော်မှာ တိတ္ထိ အမျိုးအစားပေါင်း ၆၂ မျိုး ရှိပါတယ်။ လူဟာ တိတ္ထအစွဲနဲ့ သေရင် မိဘသတ်တဲ့ ကံနဲ့ အတူတူ အပြစ်လောက် ကြီးမားပါတယ်၊ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ သတိကြီးကြီးမားမား ထားကြပါ။ လေးလေးနက်နက် စဉ်းစားတွေးခေါ်ပါ။ ထမင်းငတ်လို့ သေရင် တစ်ဘ၀ပါပဲ ၊ ဒါပေမဲ့ အခု လူတော်တော်များများ ဖြစ်နေကြတာက ထမင်းတောင် မငတ်သေးပါဘူး.. လာဘ်လာဘလေး ပေါများချင်တာနဲ့ပဲ မှားမှားယွင်းယွင်းတွေ တွေးခေါ်နေကြတယ်၊ ဥပမာ မနှစ်က ဟိုလေးတကျော် ဖြစ်ခဲ့တဲ့ S.ဂွန်းအောင် ဆိုရင် သူဟာ လာဘ်လာဘ အတွက်နဲ့ တစ်ခြားဘာသာဖက်ကို ကူးပြောင်းသွားတယ်ဆိုတာ အသေချာပဲ ပြောရဲပါတယ်။ လူဟာ မိမိ ယုံကြည် ခံယူထားတဲ့ ဘာသာတရားအဆုံးမ အောက်မှာ ကောင်းစွာ မနေမိတော့ဘူး ၊ အပြစ်တွေ သိပ်ပြီးတော့ လွန်ကျူးမိလာပြီဆိုရင် သူ့ရဲ့ စိတ်ဓာတ်တွေဟာ တစ်ခြားဘက်ကို မှားယွင်းစွာ ယူမိတော့မယ်ဆိုတာ သေချာသလောက်ပါပဲ။ အဲဒါမျိုးကို တိတ္ထိလို့ခေါ်တာပါ။ သူဟာ သိပ်ပြီးတော့ အပြစ်ကြီးပါတယ်၊ သူ နောက်ထပ် ပြောင်းလဲခံယူလိုက်တဲ့ အယူအဆ တစ်ခုပေါ်မှာလည်း ခိုင်ခိုင်မြဲမြဲ ရှိလို့၊ တစ်ကယ်ယုံကြည်လို့ ယူမိတာ မဖြစ်နိုင်ပါဘူး၊ အမှန်တစ်ကယ်တော့ သူဟာ သူ့မကောင်းမှု စိတ်ရဲ့ ထွက်ပေါက်ကို သူ ရှာသွားတာပဲ ဖြစ်ပါတယ်၊ သူ့ကိုယ်သူ ညာနေတာပါပဲ။ အဲဒီတော့ ဘာဖြစ်လာလည်းဆိုရင် တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ဆိုပြီးတော့ သူဟာ ကြက်သွန်ပေါင်း များစွာကို ဆက်စားမိနေတာပါပဲ၊ သူ ဆက်ပြီး ညာနေဦးတော့မှာပါပဲ၊ S.ဂွန်းအောင်ဟာ အဲဒီလို လူမျိုးပါပဲ။ S.ဂွန်းအောင် နည်းတူ တစ်ခြားဘာသာ ၊ တစ်ခြားအယူအဆ ဘက်ကို ပြောင်းလဲသွားတဲ့ သူတွေ အများစုဟာလည်း အဲဒီ နည်းတွေ အတိုင်းပါပဲဆိုတာကို ဦးဇင်းရဲရဲ ပြောရဲပါတယ်။ သူတို့တွေကမှ တစ်ကယ့် တိတ္ထိတွေပါပဲ။ ဘာဖြစ်လို့လည်း ဆိုရင် သူတို့တွေဟာ ဟိုဘက် ဘာသာကို မှားယွင်းစွာ ယူလိုက်လို့ပါပဲ။ မှားတဲ့ အယူကို ယူလိုက်တာလို့ ဦးဇင်း ဆိုလိုတာ မဟုတ်ဘူးဆိုတာကို သေချာစွာ နားလည်ပါ၊ သူတို့တွေဟာ ဟိုဘက် ဘာသာတရားကို မတော်မတရားတဲ့ နည်းနဲ့ ယူလိုက်တာမို့လို့ မှားယွင်းစွာ ယူလိုက်တာ ပြောတာပါ၊ ဟိုဘက် ဘာသာတရား အဆုံးအမကို ကြိုက်လို့ရှိရင် လက်ခံလိုက်ပါ၊ သို့သော် ဒီဘက်ဘာသာရဲ့ အနှစ်ကို မသိပဲ အပြစ်ကို ရှာပြောပြီးမှ ဟိုဘက် ဘာသာကို ယူလိုက်တယ်ဆိုရင်တော့ သူဟာ ဟိုဘက် ဘာသာတရားကို မတရားသောနည်းနဲ့ ယူလိုက်တာပဲ ဖြစ်ပါတယ်။ သူဟာ ဘယ်ဘာသာမဆိုရဲ့ တိတ္ထိတစ်ယောက်ပဲ ဖြစ်ပါတယ်၊

အခုတစ်လော အင်တာနက်ပေါ်မှာ ဘာသာ ကူးပြောင်းတဲ့ S.ဂွန်းအောင်လိုလူမျိုးတွေရဲ့ ဗီဒီယို ဖိုင်တွေ ပေါ်လာနေပါတယ်။ သူတို့တွေဟာ အရင်က လက်ခံယူထားတဲ့ ဘာသာရဲ့ အနှစ်ကိုလည်း သိအောင် လုပ်မသွားကြပဲ ဟိုဘက်ဘာသာတရားရဲ့ မျက်နှာလို မျက်နှာရဖို့ အတွက် ဒီဘက် ဘာသာကို အပြစ်ပြောကြတာတွေကို တွေ့ရပါတယ်၊ သူတို့ကို ဒီစာလေး ဖတ်စေချင်တယ်။ မင်းတို့ဟာ ဟိုဘက် ဘာသာတရားကို ကူးပြောင်းသွားလို့ တိတ္ထိဖြစ်တာသွား မဟုတ်ဘူး၊ မတရားသောနည်းနဲ့ ဟိုဘက်ဘာသာကို ယူလိုက်တာဖြစ်လို့ ဟိုဘက် ဘာသာရဲ့ တိတ္ထိအဖြစ်လည်း ဆက်လက် ရှိနေဦးမှာပဲ ဆိုတာကို သိစေချင်တယ်၊ အဲဒီ လူတွေရဲ့ စိတ်ဓာတ်ဟာ ကြောက်စရာ ကောင်းလောက်အောင် အောက်တန်းကျလှပါတယ်၊ ဒီဘက်က အဆုံးအမ အောက်မှာလည်း ကောင်းမွန်အောင် မနေထိုင် သွားကြသလို ဟိုဘက်ကို ရောက်သွားရင်လည်း သူတွေဟာ ဟိုဘက် အဆုံးအမ အောက်မှာ ငြိမ်ဝပ် ပိပြားစွာ နေထိုင်သွားကြလိမ့်မယ်ဆိုတာကို ဦးဇင်းက မယုံကြည်ဘူး၊ နောက် ဘာသာတစ်ခု သို့မဟုတ် နောက်အယူအဆ တစ်ခုမှာ အနေချောင်တယ် (နည်းနည်းလေး ရိုင်းရိုင်းသုံးနှုန်းရရင်) အစားချောင်တယ်ဆိုရင် သူဟာ ထပ်ပြောင်းဦးမှာ အသေချာပါပဲ။ ဒါကြောင့် ပြောချင်ပါတယ်။ သင်ဟာ ဘယ်တော့မှ တိတ္ထိတစ်ယောက် အဖြစ်မခံပါနဲ့။ ခေတ်စကားလေးနဲ့ ပြောရရင်တော့ လျှာပေါ် မြက်ပေါက်သွားပါစေ့ သင်ဟာ ဘယ်တော့မှ အဲဒီ အစာကို မစားပါနဲ့. လျှာပူပါတယ်။....။ 



အရှင် ဇဋိလ (က၀)
အေဘက်တက္ကသိုလ် ၊ ဘန်ကောက်၊
ဖုန်း 0900915244

 
Copyright © သီတဂူအရှင်ဇဋိလ (က၀) We Started at May - 2010 | Director by Ashinjatila